အဂတိလိုက်စားမှုမရှိရန်နှင့် နယ်မြေကျော် ကျောင်းအပ်နှံခြင်း လက်မခံရန် ကျောင်းများကိုညွှန်ကြားထား

...

အဂတိလိုက်စားမှုမရှိရန်နှင့် နယ်မြေကျော် ကျောင်းအပ်နှံခြင်း လက်မခံရန် ကျောင်းများကိုညွှန်ကြားထား

Myanmar Times, 27 May 2019

URL: https://www.mmtimes.com/news/schools-told-not-enrol-students-other-townships.html
၂ဝ၁၉ -၂ဝ၂ဝ ပညာသင်နှစ်အတွင်း ကျောင်းအပ်နှံရာတွင်နယ်မြေကျော်ကျောင်းအပ်နှံခြင်းကို လက်မခံရန် ရန်ကုန်မြို့ရှိ အခြေခံပညာကျောင်းများအားလုံးကိုညွှန်ကြားထားကြောင်းပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ပြောသည်။

ကျောင်းအပ်ရာတွင် မြို့နယ်ကျော်ပြီး လက်မခံရန် အခြေခံပညာ ရေးဦးစီးဌာန၏ ညွှန်ကြားချက်ကို ပြီးခဲ့သည့်နှစ်ကတည်းက ချ မှတ်ထားပြီး ယခုနှစ်တွင် ရန်ကုန်နှင့်မန္တလေးမြို့ရှိ ကျောင်းများက သေချာ စွာလိုက်နာဆောင် ရွက်ရမည်ဖြစ်သည်။

''မိဘတွေကကလေးတွေကိုနာမည်ကြီးကျောင်းတွေမှာထားချင်တော့ဆရာမတွေနဲ့မိဘတွေကြားလာဘ်ပေးလာဘ်ယူမှုတွေရှိလာတယ်။ပြဿနာတွေဖြစ်လာတယ်။အဂတိလိုက်စားမှုတွေမဖြစ်စေဖို့လုပ်တာဖြစ်တယ်''ဟုဦးကိုလေးဝင်းက ဆက်လက်ပြောသည်။

တစ်နိုင်ငံလုံးရှိကျောင်းများကိုညွှန်ကြားထားပြီးအဓိကမှာ ရန်ကုန် နှင့် မန္တလေးမြို့ရှိ နာမည်ကြိီးကျောင်းများကိုအဓိက ရည်ရွယ်သည် ဟု ၎င်းကဆို သည်။

''နယ်ကျော်ကျောင်းအပ်တာတွေကိုလက်မခံဘူးဆိုတော့ကျောင်းတိုင်းမှာသင်ထောက်ကူပစ္စည်းပံ့ပိုးထားတဲ့စံနှုန်းကတူလား၊ဆရာ၊ဆရာမသင်ကြားမှုပုံစံနဲ့ ကျွမ်းကျင်မှုကတူလား၊ ကျောင်းနဲ့ကျောင်းရဲ့ ပတ် ဝန်းကျင်က ကလေးတွေကျန်းမာရေးလုံခြုံရေးစိတ်ချရလား၊ကျောင်းအားလုံးကညီတူညီမျှပဲဆိုရင်မိဘတွေကနယ်ကျော်ပြီးအပ်မယ်လို့ မထင်ပါဘူး။ကိုယ့်ရပ်ကွက်မှာရှိတဲ့ကျောင်းပဲ ထားမှာ ပေါ့''ဟုဗ ဟန်း မြို့နယ်အခြေခံပညာမူလတန်းကျောင်းတစ်ခုတွင်ဒုတိယတန်းတက်ရောက်ရမည့်ကျောင်းသားတစ်ဦး၏ဖခင် ကို ဟိန်းလတ်ကပြောသည်။

တစ်နိုင်ငံလုံးရှိကျောင်းအပ်လက်ခံခြင်းကိုယခုနှစ်မေ၂၅ရက်မှ၃၁ရက်အထိသတ်မှတ်ထားသည်။

နယ်ကျော်အပ်နှံခြင်းရှိမရှိ၊ တစ်ကျောင်းနှင့်တစ်ကျောင်းသင်ကြားပုံအရည်အသွေးတူညီမှုရှိမရှိနှင့် ကလေးများ၊ ဆရာ/ဆရာမများ က သင်ရိုးများအပေါ်အမှန်တကယ် ကျွမ်းကျင်ကျေညက်မှုရှိမရှိတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးသင့် ကြောင်း ၎င်းက အကြံပြုသည်။

အချို့ကျောင်းသားမိဘများအနေဖြင့်နာမည်ကြီးကျောင်းများတွင်အပ်နှံရန်ကလေးကိုသန်းခေါင်စာရင်းပြောင်းထည့်ခြင်းများလုပ်ကိုင်ကာ ယင်းအတွက်သက်ဆိုင်ရာဌာနများကိုငွေကြေးပေးဆောင်မှုများ ရှိလာနိုင်သည့်အတွက် ကျောင်းအပ်နှံရာတွင်ကုန်ကျစရိတ်ပိုမိုလာ နိုင်ကြောင်းကျောင်းသားမိဘအချို့က သုံးသပ်ကြသည်။နယ်မြေကျော်လက်မခံရန်ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိသည့် ကျောင်း များကိုအရေးယူဆောင်ရွက်မှုများပြုလုပ်သွားမည်ဟု ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ပြောသည်။