ကရင်တော်လှန်ရေးနေ့ အထိမ်းအမှတ် ပထမဆုံးအကြိမ် ရိုးရာ ဒုံးပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်

...

ကရင်တော်လှန်ရေးနေ့ အထိမ်းအမှတ် ပထမဆုံးအကြိမ် ရိုးရာ ဒုံးပြိုင်ပွဲများ ထည့်သွင်းကျင်းပမည်

Karen news, 25 Jan 2019

URL: http://karennews.org/2019/01/karen-armed-groups-joins-70th-revolution-day-includes-traditional-don-dance-national-competition-for-the-first-time/
KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၇) ဌာနချုပ်၌ ယခုလ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျင်းပမည့် နှစ်(၇၀) ပြည့် ကရင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပထမဆုံးအကြိမ် ကရင်ရိုးရာ ဒုံးပြိုင်ပွဲများကို ထည့်သွင်းကျင်း ပသွားမည်ဟု ဒုံးအကပြိုင်ပွဲဒိုင်ချုပ်ဖြစ်သူ စောသမော့ဖောင် ဟိန်(စောမြင့်သူ)က ပြောသည်။

၎င်းက“ ဟုတ်ပါတယ်။ ပထမဦးဆုံးအကြိမ်ပါပဲ။အရင်နှစ်တွေတုန်းကလည်း (တော်လှန်ရေးနေ့ အထိမ်းအမှတ် အနေနဲ့ ဒုံးအကပြိုင်ပွဲကို) လုပ်ချင်ခဲ့တယ်။ ဒါပေမယ့် သူတို့က ဘယ်လိုလုပ်ရမလဲဆို တာကို မသိခဲ့ဘူး။ အခု ဒီကလူတွေသွားပြီးဝိုင်းဝန်းကူညီရင်းနဲ့ ပြိုင်ပွဲဖြစ်လာတာပါ↔ဟု ယနေ့(ဇန်နဝါရီ ၁၅ရက်) ကေအိုင်စီသို့ ပြောသည်။

ဒုံးအကပြိုင်ပွဲများတွင် (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်း အမှတ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပထမဆုရ ဘုံးကတိုက် (မုက္ကဒိ)ဒုံး အပါအဝင်၊ ဖားအံမြို့တော်၊ ချစ်သူမြိုင်၊ သာမညနှင့် နယ်ခြားစောင့်တပ် (BGF)တပ်နယ် (၃)ကိုယ်စားပြုဒုံးအဖွဲ့ ၅ ဖွဲ့တို့မှ အုပ်စု(က)အဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အုပ်စု(ခ)တွင် အခြားဒုံးအဖွဲ့ ၇ ဖွဲ့ ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

ဒုံးအကပြိုင်ပွဲဖြစ်မြောက်ရန် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူမှ အဓိက ကူညီပံ့ပိုးထားသည်ဟု သိရပြီး ပြိုင်ပွဲများကို ဇန်နဝါရီ ၂၈ရက်၊ ၂၉ရက်နှင့် ၃၀ ရက်နေ့များတွင် ယှဉ်ပြိုင်ကပြကြမည်ဖြစ်ကာ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဆုပေးအပ်ချီးမြှင့်မည်ဟု သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းများစုံလင်စွာ ပါဝင်ပူးပေါင်းဆင်နွှဲသွားမည့် နှစ်(၇၀) ပြည့် ကရင်တော်လှန် ရေး နေ့အထိမ်းအမှတ် အခမ်းအနားတွင် နယ်ပေါင်းစုံမှ ရိုးရာအကများ၊ ကရင်ဇာတ်ပွဲများ၊ စတိတ်ရှိုးများလည်း ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။