ရန်ကုန်တွင် မိုးပျံရထားလမ်းဆောက်ရန် တရုတ်ကုမ္ပဏီ အဆိုပြု

...

ရန်ကုန်တွင် မိုးပျံရထားလမ်းဆောက်ရန် တရုတ်ကုမ္ပဏီ အဆိုပြု

The Irrawaddy, 16 Jan 2019

URL: https://www.irrawaddy.com/news/burma/chinese-firm-proposes-1-5-bn-elevated-railway-yangon.html
မြန်မာနိုင်ငံ၏ စီးပွားရေးကို ပိုမိုထိုးဖောက်ရန်ကြိုးပမ်းမှုအသစ်အနေဖြင့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံရင်းနှီးမြှပ်နှံမည့် မိုးပျံရထားလမ်းစီမံကိန်းတစ်ခုကို စီးပွားရေးမြို့တော်ရန်ကုန်တွင် အကောင်အထည် ဖော်ရန် တရုတ်နိုင်ငံက ကမ်းလှမ်းထားသည်။

China Railway Eryuan Engineering Group Co., Ltd (CREEC) သည် ထိုစီမံကိန်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းလွှတ်တော် မီဒီ ယာခန်းမ၌ ဇန်နဝါရီလ ၁၄ ရက်နေ့က ပထမဆုံး အကြိမ် တွေ့ဆုံ၍ ထိုစီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပြုစီမံကိန်းအရ CREEC သည် ၃၇.၉ ကီလိုမီတာ ရှည်ပြီး ဘူတာ ၂၄ ခုပါဝင်သော မိုးပျံရထားလမ်းကို ၂ နှစ်မှ ၃ နှစ်အတွင်း အပြီးတည်ဆောက်မည်ဖြစ်သည်။

ဒေါ်လာ ၁.၅ ဘီလီယံကုန်ကျမည်ဟု ခန့်မှန်းရသော ထိုစီမံကိန်းအတွက် CREEC က ငွေကြေးစိုက်ထုတ်မည် ဖြစ်သော်လည်း နှစ် ၅၀ လုပ်ပိုင်ခွင့် ရရှိရန် တောင်းဆိုသည်ဟု ထိုရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ သော လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များက တိုင်းအတွင်း မဖြေရှင်းနိုင်သေးသည့် မြေယာသိမ်းဆည်းမှုပြဿနာများကို ထောက်ပြပြီး CREEC၏ လက်ရှိ ရှိပြီးသားမြို့ပတ်ရထားလမ်းအတိုင်း မသွားဘဲ သီးခြားလမ်းကြောင်း ကို အပြင်ဘက်မှ ချဲ့ပြီးတည်ဆောက်မည့် အစီအစဉ်ကို သဘောမတူကြောင်း ပြောခဲ့သည်ဟု ပန်းဘဲတန်းမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဧရာဝတီသတင်းဌာနသို့ပြောသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ရန်ကုန်မြို့ပတ်ရထားလမ်းကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေ ဂျင်စီ၏ အကူအညီဖြင့် အဆင့်မြှင့်တင်လျက် ရှိသည်။ ထိုသို့အဆင့်မြှင့်တင်ရာတွင် လမ်းတလျှောက်ရှိ ဘူတာရုံများ၊ ရထားလမ်းများနှင့် ရထားများကို အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်သည်။ ထိုစီမံကိန်းသည် ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟု တာဝန်ရှိသူများကမျှော်လင့်ကြသည်။

မြို့ပတ်ရထားလမ်းတွင် ခရီးသည် ၇၃၀၀၀ ခန့် နေ့စဉ်သွားလာနေသည်။

CREEC က၎င်းတို့အဆိုပြုသည့် မိုးပျံရထားလမ်းတည်ဆောက်မှုပြီးစီးပါက နေ့စဉ် လူ ၄ သိန်း ခန့် သယ်ယူပို့ဆောင်ပေးနိုင်မည်ဟု ဆိုသည်။ အဆိုပြုထားသည့် လမ်းကြောင်းတခုသည် ကြည့်မြင်တိုင်မှ မင်္ဂလာဒုံ ထိဖြစ်ပြီး အခြားလမ်းကြောင်းတခုသည် မြောက်ဥက္ကလာရှိ ကျောက်ရေတွင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖြစ်သည်ဟု ဦးသန်းနိုင်ဦးက ပြောသည်။