ကျောက္ကာကျေးရွာအား မြိတ်ခရီးစဉ် အသစ်အနေဖြင့် စတင်ရန် စီစဉ်နေ

...

ကျောက္ကာကျေးရွာအား မြိတ်ခရီးစဉ် အသစ်အနေဖြင့် စတင်ရန် စီစဉ်နေ

Eleven Myanmar, 08 Nov 2018

URL: https://elevenmyanmar.com/news/authorities-to-add-kyaukka-village-in-myeik-archipelago-tours
ကျောက္ကာကျေးရွာအား မြိတ်ကျွန်းစု၏ ကျွန်းခရီးများအနက် ခရီးစဉ်အသစ်အဖြစ် မကြာမီ စတင်ရန် မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင် များအသင်းမှ စီစဉ်လျက်ရှိကြောင်း သိရသည်။

မြိတ်ဒေသ၏ခရီးသွားလုပ်ငန်းများတွင် ကျွန်းခရီးစဉ်များနှင့် ဒုံး ညောင်မှိုင်းကျေးရွာတို့ကိုအဓိကပို့ဆောင်ပေးနေရာမှ မကြာမီ အချိန်အတွင်း ပြည်တွင်းနှင့် ပြည်ပခရီးသွားဧည့်သည်များ သဘောကျမည့် တစ်ရွာလုံးနီးပါးတံငါလုပ်ငန်းကို အဓိကလုပ် ကိုင်နေပြီး ရေပေါ်တွင် လူနေအိမ်များတည်ဆောက်ထားသော ကျောက္ကာကျေးရွာကို မြိတ်ကျွန်းစု၏ ခရီးစဉ်အသစ်အဖြစ် ရွေး ချယ်ရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

ကျောက္ကာကျေးရွာသည်၊ မြိတ်ခရိုင် ပုလောမြို့နယ်အတွင်း တည်ရှိပြီး၊ မြိတ်မြို့မှ ရေမိုင် ၂၃ မိုင်ကွာဝေးကာ စပီဘုတ်ဖြင့် သွားရောက်ရပြီး အချိန်အားဖြင့် ၄၅ မိနစ်ခန့် ကြာမြင့်ကြောင်း သိရသည်။

ယင်းရွာကလေးရှိ ဒေသခံအများစုသည် ၁၂ ရာသီ ပတ်လုံး တံငါလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ရွာလေးဖြစ်ပြီး၊ ငါး၊ ပုဇွန်၊ ကင်းမွန်၊ ကျောက်ပုဇွန်နှင့် ငပိ/ ငါးခြောက်လုပ်ငန်းများကို လုပ်ကိုင်ကြသည်။

ရွာ၏ ပုံသဏ္ဍန်မှာ ပဇောက်ပုံဖြစ်ပြီး၊ ရွာပတ်ပတ်လယ်တွင် အမှတ် ၁/၂/၃/၄ ဟူ၍ ရပ်ကွက် ၄ ခု သတ်မှတ်ထားကာ အိမ်ခြေ ၇၁၀ နှင့် လူဦးရေ ၄၄၇၀ ရှိပြီး ကျွန်းတစ်ကျွန်းပေါ်တွင် ရွာအဖြစ် တည် ဆောက်ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့ မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းမှာ အဓိကက ကျွန်းခရီးစဉ်တွေပဲ ရှိနေသေးလို့ ခရီးစဉ်အသစ်အနေနဲ့ ပြည်တွင်းနှင့် ပြည်ပခရီးသွား ဧည့်သည်တွေ စိတ်ဝင်စားနိုင်မယ့် မြိတ်ကျွန်းစု တံငါရွာ လေးရဲ့ လူနေမှု Life Style လေးတွေကို ပြချင်လို့ ဒီကျောက္ကာရွာလေးကို စတင်ဖို့ စီစဉ်နေတယ်”ဟု Mergui Dolphin Travel & Tours မှ မန်နေဂျာ ဦးမြင့်သန်းက ပြောသည်။

အဆိုပါ ခရီးအသစ်အား ယခုနှစ် ခရီးသွားရာသီ၌ စတင်ရန်ရှိပြီး ခရီးစဉ်တွင် လေးကျွန်း၊ သမီးလှကျွန်းနှင့် ကျောက္ကာကျေးရွာတို့ကို ထည့်သွင်းသွားရန်စီစဉ်နေကြောင်း မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

“ကျွန်တော်တို့ ရွာလေးက ရာသီအလိုက် တံငါလုပ်ငန်းကိုပဲ အများဆုံး လုပ်ကိုင်တဲ့ တံငါရွာလေးပါ၊ တကယ်လို့ ဒီရွာကို ပြည်တွင်း ပြည်ပဧည့်သည်တွေကို လာရောက်လည်ပတ်ဖို့ ရွေးချယ်မယ်ဆိုရင် စိတ် ဝင်စားမှုရှိမှာပါ။ တံငါလုပ်ငန်းနဲ့ ပတ်သက်တဲ့ လေ့လာ စရာတွေလည်း အများကြီးပါ။ ဒေသခံတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာနိုင်တာမို့ ကြိုဆိုပါတယ်။ လုပ်ဖြစ်ဖို့ လည်း မျှော်လင့် ပါတယ်” လို့ ကျောက္ကာကျေးရွာ မှ ဒေသခံ ဦးကြည်သန်းက ပြောသည်။