ဒစ်ဂျစ်တယ်စနစ်သုံးပြီး မွေး၊ သေ စာရင်း မှတ်ပုံတင်ရန် ကြိုးပမ်းမည်

...

ဒစ်ဂျစ်တယ်စနစ်သုံးပြီး မွေး၊ သေ စာရင်း မှတ်ပုံတင်ရန် ကြိုးပမ်းမည်

Myanmar Times, 29 Aug 2018

URL: https://www.mmtimes.com/news/online-registration-births-and-deaths-trialled-mon-state.html
ဒစ်ဂျစ်တယ်မိုဘိုင်းနည်းပညာ အသုံးပြုပြီးမွေးဖွားခြင်းနှင့် သေဆုံးမှုဆိုင်ရာမှတ်ပုံတင်ခြင်းစီမံချက်ကို မြန်မာနိုင်ငံအစိုးရ၏ ထောက်ခံအားပေးမှုဖြင့် တယ်လီနောနှင့် ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) တို့ပူးပေါင်းလုပ်ကိုင်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ဥက္ကဌနှင့် တယ်လီနောလုပ်ငန်းစု၏ ဒုတိယဥက္ကဌ Mr Petter Furberg က ပြောသည်။

ယင်းကဲ့သို့ ပူးပေါင်းလုပ်ကိုင်ရန် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းကို ပြီးခဲ့သည့် ဇူလိုင် ၂ ရက်က ပြုလုပ်ခဲ့သည်။

လုပ်ငန်းစဉ်၏ ပထမဆုံးခြေလှမ်းအဖြစ် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှ မြို့နယ်ကျန်းမာရေးအရာရှိများက မွေးဖွားခြင်းဆိုင်ရာမှတ်ပုံတင်ခြင်းနှင့် မွေးစာရင်းထုတ်ပေးခြင်းကို ဒစ်ဂျစ်တယ်မိုဘိုင်းစ နစ်အသုံးပြုကာ ဆောင်ရွက်မည်ဖြစ်သည်။

''ယူနီဆက်အနေနဲ့ မြန်မာနိုင်ငံတော်အစိုးရကို ပံ့ပိုးလုပ်ဆောင်ပေးနေတဲ့ Digital Vital Statistics စနစ်နဲ့ နိုင်ငံတကာ အသိအမှတ်ပြု (Universal Birth Registration) စနစ်အဆင့်မီစေဖို့ တယ်လီနောအဖွဲ့ရဲ့ ပံ့ပိုးမှုဟာ အချိန်ကိုက်ဖြစ်ပါတယ်''ဟု ယူနီဆက်မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms June Kuguni က ပြောသည်။

ယခုရှေ့ပြေးစီမံချက်သည် မွေး၊ သေမှတ်ပုံတင်ခြင်း လုပ်ငန်း၏လွှမ်းခြုံနိုင်စွမ်းကို တိုးမြှင့်နိုင်ရန်နှင့် သတင်းအချက်အလက် လျှို့ဝှက်မှုနှင့် လုံခြုံမှုကို ပိုမိုကောင်းမွန်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်သည်။ စာရွက် စာတမ်းအသုံးပြုခြင်းကို လျှော့ချပြီး မိုဘိုင်းနည်းပညာဖြင့် ကျန်းမာရေးဝန်ထမ်းများ၏စွမ်းရည်ကို တိုးမြှင့်မည်ဖြစ်သည်။

''အခုစတင်မယ့် ရှေ့ပြေးစီမံကိန်းဟာ အရေးကြီးပါတယ်။ မွေးစာရင်းဆိုတာ မွေးကင်းစ ကလေးငယ်အယောက်တိုင်းအတွက် လူ့အသိုက်အဝန်းထဲကို တရားဝင်မိတ်ဆက် ရောက်ရှိလာတာ ဖြစ်ပါတယ်။ လူမှု ရေးရာ ဝန်ဆောင်မှုတွေနဲ့ တရားဥပဒေဆိုင်ရာ အခွင့်အရေးတွေ၊ အကာအကွယ်တွေကို ရရှိဖို့ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်''ဟု Mr Petter Furberg က ပြောသည်။

ယခုပူးပေါင်းဆောင်ရွက်မှုတွင် တယ်လီနောလုပ်ငန်းစုက ရန်ပုံငွေထောက်ပံ့မှုအပြင် စီမံချက်၏ Webbased Platform အတွက် အင်တာနက်ဒေတာများ အခမဲ့အသုံးပြုခွင့်ပေးမည်ဖြစ်သည်။ ထို့ပြင် သားဖွား ဆရာမများကိုလည်း သတင်းအချက်အလက်များ ရေးသွင်းခြင်းနှင့် ဒစ်ဂျစ်တယ်စနစ် အသုံးချနည်းများကို သင်ကြားပေးမည်ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်များတွင် မွေးဖွားခြင်းနှင့် သေဆုံးခြင်းဆိုင်ရာ Eplatform ပေါ်ပေါက်လာအောင် ဗဟိုစာရင်းအဖွဲ့၏ ကြိုးပမ်းမှုကို စီမံချက်က အားဖြည့်ပေးသွားမည်ဖြစ်သည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မွေး၊သေစာရင်း မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဒစ်ဂျစ်တယ်အသွင်ပြောင်းနိုင်ရန် ကြိုးစားလုပ်ကိုင်သွားမည်ဟု တာဝန်ရှိသူများက ဆိုသည်။

ယူနီဆက်သည် မြန်မာနိုင်ငံတွင် ၁၉၅၁ ခုနှစ်ကတည်းက ကလေးသေဆုံးမှုနှုန်းလျှော့ချရေး၊ ကလေးများ အရည်အသွေး ပြည့်ဝသည့်ပညာရေးကို သင်ကြားနိုင်ရေးနှင့် ကလေးများကို အကြမ်းဖက်မှုမှ ကာ ကွယ်ရေးတို့ကို လုပ်ဆောင်သည့် အဖွဲ့အစည်း ဖြစ်သည်။