(၂၁)ရာစု ပင်လုံအစည်းအဝေး ကျင်းပမည့် ရက်ကို နောက်ဆုတ်ရန် တိုင်းရင်းသားများ လိုလား

...

(၂၁)ရာစု ပင်လုံအစည်းအဝေး ကျင်းပမည့် ရက်ကို နောက်ဆုတ်ရန် တိုင်းရင်းသားများ လိုလား

Mizzima, 16 Jan 2018

URL: http://www.mizzima.com/news-domestic/ethnic-nationalities-want-21st-century-panglong-conference-deferred
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆွေးနွေးရန် ကျန်ရှိနေသေးသောကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစု ပင်လုံ(တတိယအကြိမ်အစည်းအဝေး)ကို
ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် မကျင်းပသေးဘဲ ယင်းညီလာခံကို ထိရောက်စွာ ကျင်းပနိုင်ရန်အတွက် တိုင်းရင်းသားများဘက်မှ အစိုးရ၏ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်လက်ညှိနှိုင်း
သွားမည်ဟု သိရသည်။

ယခုလို အစိုးရနှင့်ဆက်လက်ညှိနှိုင်းသွားရန်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်
စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၈)ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အရေးပေါ်အစည်းအဝေးတွင် ဆုံး
ဖြတ်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ(တတိယအကြိမ်အစည်းအဝေး)ကို ဇန်နဝါရီလ နောက်ဆုံးအပတ်မှာ ကျင်းပပြုလုပ်သွားဖို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အမျိုးသားအဆင့် နိုင်ငံရေးအဆင့်ဆွေးနွေးပွဲများ ကျင်းပခွင့်မရဘဲ ကန့်သတ်ပိတ်ပင်ထားသည်များနှင့် ပတ်သတ်ပြီး အစိုးရတာဝန်ရှိသူများနှင့် ညှိနှိုင်းအဖြေရှာပြီးမှာသာ
၂၁ ရာစု ပင်လုံတတိယအကြိမ်အစည်းအဝေးကို ဆက်လက်ပြုလုပ်သွားရန် တိုင်းရင်းသားများဘက်မှ အလိုရှိနေတာဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံပထမအကြိမ်အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပခဲ့ပြီး ဒုတိယ
အကြိမ်ညီလာခံကို ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့သည်။